တောင်ငူ တက္ကသိုလ် မြန်မာစာ လက်ထောက်ကထိက ဆရာဦးဇော်ဇော်အောင်ရဲ့ရင်ထဲကလာတဲ့စာ

တောင်ငူ တက္ကသိုလ် မြန်မာစာ လက်ထောက်ကထိက ဆရာဦးဇော်ဇော်အောင်ရဲ့ရင်ထဲကလာတဲ့စာ ‘မောင် တို့အား ငါ ကြောက်လှ၏’

ကိုရိုနာမဝင်မီကပင် ပြည်ကား ပျက်နှင့်၏။တိုင်းပြည်က အနာဂတ်မဲ့ပြီ။အနာဂတ်တိုင်းပြည်ကိုခေါင်းဆောင်မည့် လူငယ်များက အတွေးအခေါ်ဆင်းရဲလှ၏။

တိုင်းပြည်ဆင်းရဲပါစေ။လူငယ်တွေသာတကယ်ကြိုးစားရင်ပြန်ထူထောင်နိုင်သည့် သာဓကများစွာရှိသည်။အခုတော့ လူငယ်တွေက အပျော် အပျက်သာများ၏။

လတ် တလော ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးမှာစိုး၍ စာမေးပွဲ ရွှေ့ဆိုင်းလိုသော လူငယ်တစ်စုက ပါမောက္ခချုပ်နှင့် တွေ့ဆုံ အရေးဆိုကြရာတွင် ပြောဟန်ဆိုပေါက်များကို နည်းနည်းမှမကြိုက်ပေ။

ရိုင်းလှသည်။ အသိမဲ့။အလိမ္မာမဲ့။အဆင်ခြင်မဲ့လွန်း၏။ကိုယ့်တက္ကသိုလ်ပါမောက္ခချုပ်ကို ပြောဆိုဆက်ဆံရာတွင် မိကောင်းဖခင်သားသမီးမဆန်ပေ။

ဝန်ကြီးဖုန်းနံပါတ်မပေါ်ဟု ပြောသောအခါဝေး ဝါး နှင့် လှောင်ကြသည်။ ရှေ့ဆက်၍ဒုက္ခပေးမည့် ကျောင်း သားများဖြစ်‌ကြောင်းရိပ်စားမိရုံမျှမက သေချာပေါက်ပင်ပြောနိုင်ပေပြီ။ ပညာသင်ရာတွင် စာကို သင်သည်မျှမဟုတ်။

စိတ်ကိုပါသင်ရရိုးဖြစ်ရာ ဤကျောင်းသားတို့နှလုံးသားဝယ်ယဉ်ကျေးလိမ္မာဖွယ်အသိတို့ ဘာမျှအခံမရှိကြောင်း ပေါ်နေပေ၏။စိတ်များတွင်ဆူးပေါက်နေ၏။ ကိုရိုနာ အန္တရာယ်ကား အမှန်ကြီးပါ၏။

သို့သော် ကိုရိုနာကူးစက်အန္တရာယ်ထက် မောင်တို့မယ်တို့ စိတ်နှလုံးဝယ် ဆင်ခြင်တုံတရားကင်းမဲ့စွာအရေးဆိုပုံ ဆိုနည်းများ ဆိုဟန်များကား ငါတို့တိုင်းပြည်အနာဂတ်မဲ့နေကြောင်း အထင်အရှားပြနေပေ၏။

လူငယ်တွေမှ အရည်အချင်းကင်းမဲ့လျှင် တိုင်းပြည်အနာဂတ်ကား ကိုရိုနာကူးသည်ထက်ဆိုးပေလိမ့်မည်။

ကျောင်းဆရာအလုပ်ကို သည်းညည်းခံလုပ်ခဲ့၏။ ဤအပြုအမူတို့တွေ့ရသောအခါ ကျောင်းဆရာတစ်‌ယောက် အနေဖြင့် ဆရာအိုကို စာနာမိ၏။

ဒိသာပါမောက္ခဆရာကြီးကိုပင် ပခုံးချင်းယှဉ်၍စကားနိုင်လုကာ ငါ့စကားနွားရ ပြောကြသော မောင်တို့ကား ငါကဲ့သို့ဆရာပေါက်စနကို မည်သို့ပြောကြမည်မသိပေ။

မောင်တို့အားငါကြောက်လှ၏။ တိုင်းပြည်အနာဂတ်ဟု ငါမျှော်လင့်၏။ ငါဆင်းရဲ၍မွဲပါစေငါ့တပည့်တို့ပြောင်သည်ကို မြင်လို၏။

ယခုမူကား တက္ကသိုလ်ကျောင်းသားတို့ကိုင်တွယ်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမခံရရေး အ‌ရေးတော်ပုံတွင် သင်တို့ လိုချင်သမျှ ရကောင်းရနိုင်၏။

သို့သော်သင်တို့ကျောင်းသားတစ်သိုက်ကားတိုင်းပြည်အနာဂတ်မဲ့နေကြောင်း အထင်အရှားပြလိုက်ခြင်းဖြင့် ကျောင်းဆရာတို့ကို အမောဆို့စေ၏။ညောင်ရမ်းခေတ် ဟံသာဝတီရောက်မင်းလက်ထက်ဝန်ကြီးကိုပုတို့ ပြောသည့်စကားအမှတ်ရ၏။ငါတို့ဝန်ကြီးတစ်စု သေရမည်ထက် တိုင်းပြည်ပျက်မှာကိုငါသနားလိုကျကဲ့ ။

ယခုလည်းတိုင်းပြည်သည် ပြည်သူကျွေးသောထမင်းစားသူများ၏ အမျိုးမျိုးနှိပ်စက်မှုကြောင့် နလံမထူနိုင်တော့။ကျောင်းဆရာတို့ ကား ဝန်ကြီးကိုပုတို့နှင့် အတူတူသာသေလိုက်ချင်၏။တိုင်းပြည်ကားအနာဂတ်မဲ့လေပြီ။ကိုရိုနာမဝင်မီကပင် ပြည်ကားပျက်နှင့်၏။

Source – U Zaw Zaw Aung / Martin Swe

Be the first to comment

Leave a Reply

Your email address will not be published.


*