ဦးနှောက်ရဲ့ ညာဘက်အခြမ်းမှာ သွေးခဲပြီး အမာရွတ်ဖြစ်ပြီ လေဖြတ်ခဲ့ရတဲ့ ဇာတ်မင်းသားဟန်ဇာမိုးဝင်း

Posted on

အနုပညာလောကမှာ မြန်မာ့ဇာတ်သဘင်ပညာကတော့ ယနေ့အချိန်အထိအောင်မြင်နေတဲ့ ပညာရပ်တစ်ခုပါ။

တစ်ခေတ်တစ်ခါက မြန်မာဇာတ်သဘင်လောကမှာအောင်မြင်နေတဲ့ မင်းသားတွေများစွာရှိပေမယ့် မင်းသားကြီး စိန်မာဒင်နဲ့ မြေးဖြစ်သူ မင်းသားကြီး ဦးမိုးမင်း၊မင်းသားကြီး မိုးဝင်းတို့က မြန်မာ့ဇာတ်သဘင်လောကမှာ အောင်မြင်မှုထိပ်တန်းကို ရောက်ရှိခဲ့တဲ့ မင်းသားကြီးတွေပဲဖြစ်ပါတယ်။

ယနေ့အချိန်မှာတော့ အဆိုပါမင်းသားကြီးတွေရဲ့ အမွေကိုဆက်ခံနိုင်တဲ့ မင်းသားတစ်ဦးကတော့ ပေါ်ထွက်ခဲ့ပါပြီ။ သူကတော့ မင်းသားကြီး စိန်မာဒင်ရဲ့ မြေး၊ မင်းသားကြီး ဦးမိုးမင်းရဲ့ တူဖြစ်ပြီး ဖခင်ဖြစ်သူ မင်းသားကြီး မိုးဝင်းတို့ရဲ့ သား ဟန်ဇာမိုးဝင်းပဲ ဖြစ်ပါတယ်။ဟန်ဇာမိုးဝင်းကလည်း မိဘဘိုးဘွားတွေရဲ့ ခြေရာကို အပြည့်နင်းနိုင်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။

မင်းသားဟန်ဇာမိုးဝင်ကို (၁၉၈၄) ခုနှစ် စက်တင်ဘာ (၇)ရက်မှာမွေးဖွားခဲ့တာဖြစ်ပြီး ဒီလမှာကျရောက်တဲ့ သူရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ လွန်ခဲ့တဲ့ (၈) နှစ်က လေဖြတ်သွားခဲ့တဲ့ အကြောင်းကို ပြန်လည်ပြောပြရင်း စိတ်ဓာတ်ကျနေတဲ့ ပရိသတ်တွေအတွက် အားပေးစကားပြောကာ မွေးနေ့လက်ဆောင်အနေနဲ့ ပရိသတ်တွေကို ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၈) နှစ်ခန့်က ဟန်ဇာမိုးဝင်းဟာ ဦးနှောက်ရဲ့ ညာဘက်အခြမ်းမှာ သွေးခဲပြီး အမာရွတ်ဖြစ်ကာ သူ့အတွက် အဆိုးဆုံးနေ့ရက်တွေကို ကျရောက်ခဲ့ရပါတယ်။ ဦးနှောက်မှာ အမာရွတ်ဖြစ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ ဦးနှောက်သွေးကြော ပေါက်မသွားခဲ့ပါဘူး။

လျှာ၊ခြေထောက်၊လက်တွေက အလုပ်မလုပ်နိုင်တော့တာကြောင့် သီချင်းမဆိုနိုင်ဘူး၊မကနိုင်ဘူး၊ အရင်လို ပြန်ကနိုင်အောင် သူများတွေထက် သူ့မှာတော့ (၄)ဆလောက် ပိုကြိုးစားခဲ့ရပါတယ်။ ဉာဏ်မမီတဲ့ ကလေးတစ်ယောက်လိုဖြစ်ခဲ့ရပြီး လမ်းလျှောက်သင်နေတဲ့ ကလေးတစ်ယောက်လိုဖြစ်ခဲ့ရတယ်လို့လည်း ပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီလားဆိုတဲ့ စကားကို ပိုပြီးတော့ နားလည်ခဲ့ပြီး ကြေကွဲစရာ၊ဝမ်းနည်းစရာကောင်းတဲ့ ဒီအဖြစ်အပျက်ကြီးကို သင်ခန်းစာတစ်ခုလို့သဘောထားကာ အကောင်းဆုံးဖြတ်ကျော်ခဲ့တာကြောင့် လူကောင်းတစ်ယောက်မဖြစ်နိုင်ပေမယ့် (၇၅%)တော့ ပြန်ကောင်းလာတယ်လို့ သိရပါတယ်။

“ကျွန်တော့်လိုလေဖြတ်ထားတဲ့ သူတစ်ယောက်တောင် ခုလိုဆက်ပြီးတော့ ကြိုစားနေတာ ဘာမှမဖြစ်ဘဲ ပကတိအတိုင်းရှိနေသေးတဲ့ သူတွေဆိုဘာမှစိတ်ဓာတ်ကျစရာမရှိဘူး၊ စိတ်ညစ်စရာတွေကြုံတိုင်း ကိုယ်ရဲ့အောင်မြင်မှုအတွက် လှေကားတစ်တွေလိုသဘောထားဖို့” ပရိသတ်တွေအတွက်အကြံပေးစကားပြောထားတာဖြစ်ပါတယ်။

Source: 7th Sense Creation , Crd;CeleGabar

Leave a Reply

Your email address will not be published. Required fields are marked *