ပြည်သူအတွက်ဆို အသက်ပေးရရင်ပေးရပါစေလို့ ပြောလိုက်တဲ့ ကရင့်မြေက သူရဲကောင်း (ရုပ်သံ)

ပြည်သူအတွက်ဆို အသက်စွန့်ပြီးလုပ်ဆောင်သွားမယ်လို့ ပြောတဲ့ ဘားအံခရိုင်မီးသတ်စခန်းက ကရင်တိုင်းရင်းသား တပ်ကြပ်ကြီးစောလှလွင်ဖြစ်ပါတယ်။ ဇွဲကပင်တောင်မှာပျောက်ဆုံးသွားခဲ့တဲ့ တက္ကသိုလ်ကျောင်းသူကို ရှာဖွေကယ်ဆယ်ခဲ့တဲ့ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့ထဲမှာ တပ်ကြပ်ကြီးစောလှလွင်ဟာ တစ်ဦးအပါအဝင်ပါ။

သူဟာ ကရင်ပြည်နယ်မြောက်ပိုင်း သံတောင်ကြီးဇာတိဖြစ်ပြီး မီးသတ်တပ်ဖွဲ့ထဲကို ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့တာ ၅ နှစ်တိုင်ခဲ့ပါပြီ။ ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့ထဲမှာ သူ့လိုပဲ ဝင်ရောက်တာဝန်ထမ်းဆောင်နေတဲ့ သံတောင်နယ်သား ကရင်တိုင်းရင်းသားတွေ အများစုပါဝင်တာကို တွေ့ရပါတယ်။

တကယ်တော့ တပ်ကြပ်ကြီးစောလှလွင်ဟာ ဇွဲကပင်တောင်နဲ့ မစိမ်းပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဇွဲကပင်တောင်ပေါ်မှာ ခုန်ချသေဆုံးသွားတဲ့ ပြင်သစ်နိုင်ငံသားကို ကူညီကယ်ဆယ်လုပ်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့မှာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်တာပါ။ အဲ့ဒီတုန်းကတော့ မီးသတ်သင်တန်း ဆင်းခါစ အတွေ့မကြုံမရှိသေးပေမယ့် အန္တရာယ်များတဲ့ ချောက်ကမ်းပါးစွန်းကနေ တောင်ထိပ်ကို ပြင်သစ်နိုင်ငံသားရဲ့ အလောင်းကို ခက်ခက်ခဲခဲနဲ့ ရအောင်သယ်ထုတ်နိုင်ခဲ့တယ်လို့ တပ်ကြပ်ကြီးစောလှလွင်က ဆိုပါတယ်။

ပြင်သစ်နိုင်ငံသားနဲ့ တက္ကသိုလ်ကျောင်းသူတို့ရဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်ကြီးစောလှလွင်က ဖြစ်စဉ်နှစ်ခုမှာ သူကူညီကယ်ဆယ်ပေးနေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။ ဇွန် ၂၅ ရက်နေ့ညနေပိုင်းက ဇွဲကပင်တောင်တက်ရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူကို ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ မီးသတ်တပ်ဖွဲ့အနေနဲ့ တစ်ရက်ကျော်ကြာ ရှာဖွေခဲ့ရတာပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်တဲ့ ပထမနေ့ရက်မှာ ရှာဖွေကယ်ဆယ်မှုတွေ ဆောင်ရွက်နေပေမယ့် ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသူကို ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယမြောက်နေ့မှာတော့ မီးသတ်တပ်ဖွဲ့အနေနဲ့ ဒရုန်းအကူညီရယူပြီး တောင်စောင်းတစ်နေရာမှာ သေဆုံးနေတဲ့တက္ကသိုလ်သူကို တွေ့ရှိသွားခဲ့တာပါ။ ကျောင်းသူရဲ့ ဆိုင်ကယ်သော့တွေ့ရှိခဲ့တဲ့ နေရာရဲ့ ပေ ၃၀၀ ကျော်အကွာ တောင်အောက်ခြေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အလွယ်တကူတော့ တွေ့ခဲ့တာမဟုတ်ပါဘူး။ မြူအမြဲတစေဆိုင်းနေတဲ့ တောင်ပေါ်မှာ ဒရုန်းပျံသန်းပြီး ရှာဖွေဖို့ကလည်း ခက်ခဲပါတယ်။ ဒီ့အပြင် ကျောင်းသူရှိရာ ပေ ၃၀၀ ကျော်အကွာက တောင်ကမ်းပါးယံချောက်နက်ထဲကို မီးသတ်တပ်ဖွဲ့အနေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ခက်ခက်ခဲခဲဆင်းခဲ့ရတယ်လို့ ဘားအံမီးသတ်စခန်းမှူး သီဟမြင့်ဆွေက အခုလိုပဲပြောပါတယ်။

သေဆုံးသူရှိရာ ချောက်နက်ထဲကိုဆင်းပြီး သွားရောက်ကယ်ဆယ်ရာမှာ အခက်အခဲမရှိပေမယ့် ပြန်လည်သယ်ထုတ်တဲ့နေရာမှာ အခက်အခဲရှိတယ်လို့ ဘားအံခရိုင်မီးသတ်စခန်းက တပ်ကြပ်ကြီးချစ်ကိုက အခုလိုပဲပြောပါတယ်။ သေဆုံးနေတဲ့ကျောင်းသူကို ဒေသခံရွာသားတွေရဲ့ အကူအညီနဲ့ တောလမ်းကနေတစ်ဆင့် တောင်တက်လမ်းနေရာထိရောက်အောင် ခက်ခက်ခဲခဲ သယ်ထုတ်လာခဲ့ရတာပါ။

တပ်ကြပ်ကြီးချစ်ကိုဟာ မြဝတီမှာ တာဝန်ကျခဲ့စဉ်တုန်းက မြဝတီတောင်ပေါ်လမ်းဟောင်းမှာ ပြုတ်ကျသွားတဲ့ ကားတွေကို ကူညီကယ်ဆယ်တဲ့နေရာမှာလည်း ပါဝင်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိတာပါ။ တက္ကသိုလ်ကျောင်းသူကို ရှာဖွေကယ်ဆယ်တဲ့နေရာမှာ မီးသတ်တပ်ဖွဲ့အင်အားက ၂၄ ဦးဖြစ်ပြီး လူမှုကယ်ဆယ်ရေးအသင်းတွေ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံရွာသားတွေလည်း ဝိုင်းဝန်းကူညီရှာဖွေပေးခဲ့တယ်လို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းကဆိုပါတယ်။

ကရင်ပြည်နယ်မှာ တောင်တက်ခရီးသွားတွေ လာရောက်တာများတာကြောင့် မကြာခဏဆိုသလို ထိခိုက်မှုတွေ ဖြစ်ပွားခဲ့တာတွေရှိပါတယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း တောင်ဝိုင်းတောင်မှာ ပြုတ်ကျနေတဲ့ နိုင်ငံခြားသူတစ်ဦးကိုလည်း မီးသတ်တပ်ဖွဲ့ သွားရောက်ကယ်ဆယ်ခဲ့ဖူးပါတယ်။

တောင်ဝိုင်းတောင်နဲ့ ဇွဲကပင်တောင်ကို တက်ရောက်ပြီး ထိခိုက်မှုတွေ ရရှိသွားတဲ့ သူတွေကို မီးသတ်တပ်ဖွဲ့ဟာ ကရင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်းနဲ့ပေါင်းပြီး သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့တာပါ။ ဒါအပြင် မီးဘေး ရေဘေး သဘာဝဘေးတွေမှာလည်း မီးသတ်တပ်ဖွဲ့ဟာ ထိပ်ဆုံးကနေပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*