ဧရာဝတီတိုင်း ဘိုကလေးတွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိချောင်းဆွဲခံရ . . .

ကျော်လင်း/ဧရာဝတီတိုင်းမ်

ဘိုကလေး ၊ ဇွန်လ ၂၉ ရက်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာ ဇွန်လ ၂၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းက အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိချောင်းဆွဲခံရကြောင်း သတင်းရရှိသည်။

အသက် ၉ နှစ်အရွယ်ရှိ မယမင်းသူသည် အဘွားဖြစ်သူနှင့်အတူ နေအိမ်နှင့် ၉ ပေအကွာ ရေမြောင်း အတွင်း ရေချိုးနေစဉ် အလျား ၁၀ တောင်ခန့်ရှိ အဝါရောင်မိချောင်းမှာ ကလေးအား ကိုက်ဆွဲယူခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျမတွေ့လိုက်ဆို လန့်လည်းလန့် ကြောက်လည်းကြောက်ကလေးပါသွားမှာလည်းစိုးရိမ်တော့ကလေးကို ဆွဲပြီးအတင်းအော်တာပေါ့ သူ့အဖေနဲ့သူ့အဖိုးပြေးဆင်းလာလို့ဝိုင်းဆွဲအတင်းပဲကန်ကြောက်တော့မှကလေးကိုလွှတ်ပြီးဆင်းသွားတာ” ဟု အဖွားဖြစ်သူဒေါ်သန်းဝင်းမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။

မိချောင်းအဆွဲခံရစဉ် အဖွားဖြစ်သူမှ ကလေးအားဆွဲပီး အော်ဟစ်အကူညီတောင်းခံခဲ့ရာ ကလေး၏ ဖခင် နှင့် အဘိုးဖြစ်သူတို့ လာရောက်ကူဆွဲခဲ့သဖြင့် မိချောင်းမှာ ကလေးကိုလွှတ်ပြီး ပြန်ဆင်းသွားခဲ့သော်လည်း မိချောင်းဆွဲခံရမှုကြောင့် ကလေးတွင် ဘယ်လက်ဖျံရိုးကျိုး ပြတ်ရှဒါဏ်ရာများရရှိ၍ ဘိုကလေးဆေးရုံသို့ပို့ဆောင်ထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ကျွန်တော်တို့ ရွာမှာဒါပထမဆုံး မိချောင်းအဆွဲခံရတာပါ တခါမှလဲမကြုံဘူးတော့ အတတ်နိုင်ဆုံးဆေးရုံရောက်အောင်အမြန် အကူအညီပေးဆောင်ရွက်လိုက်ရပါတယ် ဒဏ်ရာကတော့အပြင်းသားကွဲသွားတာလဲအကြီးကြီး၊ အရိုးလဲကျိုးသွားတော့ခွဲစိတ်ခန်းထပ်ဝင်ရမယ်လို့သိရပါတယ်”ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းဝင်းမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ယခုရာသီချိန်မှာ မိချောင်းများ အသိုက်ကိုက်သည့်ရာသီဖြစ်ပြီး မတ်လကုန်မှစတင်ကာ မိချောင်းအန္တရယ်သတိပေး လက်ကမ်းကြော်ညှာဝေငှခြင်း ရွာစဉ်လှည့်ကြော်ညာခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ဂရမ်းကျေးရွာအုပ်စု၊ရွာသစ်ကျေးရွာတွင် မိချောင်းအန္တရယ်သတိပေးဆိုင်းဘုတ်ဆိုက်ထူထားပေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဘိုကလေးမြို့နယ်၌ ၂၀၂၀ ခုနှစ်တွင် မိချောင်အကိုက်ခံရမူမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရစ်ဆာန်ထိန်းသိမ်းရေးဌာန၊မိန်းမလှကျွန်းတောရိုင်းတိရစ်ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်ထံမှသိရသည်။

မိချောင်းအဆွဲခံရ၍ ဆေးရုံတက်ရောက်ဆေးကုသနေရသည့် အသက် ၉ နှစ်အရွယ် မယမင်းသူအတွက် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ်ဆာန်ထိန်းသိမ်းရေးဌာန၊မိန်းမလှကျွန်းတောရိုင်းတိရစ်ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမူးဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများမှထောက်ပံ့ငွေကျပ် ၅၀၀၀၀ အားဆေးရုံသို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

Credit #ဓာတ်ပုံ – #ကျော်လင်း (ဘိုကလေး)

Be the first to comment

Leave a Reply

Your email address will not be published.


*